သာယာဝတီ ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်းနှင့် သုံးဆယ်မြို့ရပ်ကွက်အတွင်း လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဂရုဏာသွေး အလှူရှင်အသင်း၊ မေတ္တာဝတီလူမှုကယ်ဆယ်ရေးအသင်း၊ စေတနာလူမှုကယ်ဆယ်ရေးအသင်း၊ အဖြူရောင်ဂရုဏာရှင်အသင်း (သုံးဆယ်)တို့ ပူးပေါင်းပြီး အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့လုံးဝ မထွက်ကြရန်၊ မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း(mask)များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိတို့၏ လက်များအား စနစ်တကျ မကြာခဏ ဆေးကြောကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
သန့်ဇော်