ပင်လည်ဘူးမြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စာချုပ်ချုပ်ဆိုပွဲနှင့် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ပင်လည်ဘူး ဩဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စာချုပ်ချုပ်ဆိုပွဲနှင့် ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပင်လည်ဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်က အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ခိုင်စိုး၊ မြို့နယ် ကျေးလက် ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနေဝင်းနိုင်တို့က အိမ်ခြေ ၁၀၀ အထက်ရှိ ကျေးရွာ(၅) ရွာအတွက် ငွေကျပ် သိန်း ၃၀၀ ကျပ်၊ အိမ်ခြေ ၅၀နှင့် ၁၀၀ ကြားရှိကျေးရွာ (၃)ရွာအတွက် ငွေကျပ် သိန်း ၂၀၀ ကျပ်၊ အိပ်ခြေ ၅၀ အောက်ရှိ ကျေးရွာ(၁)ရွာအတွက် ငွေကျပ်သိန်း ၁၀၀ ကျပ်၊ စုစုပေါင်းကျေးရွာ(၉)ရွာသို့ ကျေးရွာမတည်ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့ကြပြီး အဆိုပါကျေးရွာများမှ‌ ကျေးရွာ ကော်မတီဝင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ကျေးရွာမတည်ရန်ပုံငွေ ငွေကျပ်သိန်း ၃၀၀ ဖြင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာများမှာ တိုက်မွန်း‌ ကျေးရွာ၊ သဒွတ်ကုန်းကျေးရွာ၊ ရွာသာယာကျေးရွာ၊ အင်္ကျီလက်ကျေးရွာနှင့် ပလူသာကျေးရွာတို့ဖြစ်ပြီး ငွေကျပ်သိန်း ၂၀၀ ဖြင့်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာများမှာ ပန်းခူးကျေးရွာ၊ ပဒဲကောကျေးရွာနှင့် ဝါးဘိုးချောင်းကျေးရွာတို့ဖြစ်ကာ ငွေကျပ်သိန်း ၁၀၀ ဖြင့် စီမံကိန်းလုပ်ငန်း‌ ဆောင်ရွက်မည့် ကျေးရွာမှာ ရွာရှည်ကျေးရွာတို့ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မျိုးလွင်(ပင်လည်ဘူး)