ကလေး ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ မည့်အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များစာရင်းကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာ ထားလျက်ရှိရာ ယမန်နေ့အထိ မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုသူ ၅၀၀၀၀ ကျော်ရှိကာ တောင်းဆိုလွှာ၊ ပြင်ဆင်လွှာနှင့် ကန့်ကွက်လွှာလျှောက်ထားတင်ပြသူ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။
ကလေးမြို့နယ်မှာ ဇူလိုင် ၂၅ ရက်နေ့ကစတင်ပြီး သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန် ကြေညာထားလျက်ရှိကြောင်း၊ ဩဂုတ် ၁၀ ရက်နေ့အထိ မဲစာရင်း လာရောက်ကြည့်ရှုသူ ၅၀၀၀၀ ကျော်ရှိ ကြောင်း၊ ပုံစံ(၃) ဖြင့် တောင်းဆိုလွှာ လျှောက်ထားတင်ပြသူ ၂၃၄၀ ဦး၊ ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာ လျှောက်ထားတင်ပြသူ ၁၄၈၉ ဦး၊ ပုံစ(၄) ဖြင့် ကန့်ကွက်လွှာ လျှောက်ထားတင်ပြသူ ၇၂၀ ဦးရှိကြောင်း ကလေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး၊ ရွေးကောက်ပွဲအရာရှိ ဒေါ်အိဖြူဝင်းက ပြောကြားသည်။
ကလေးမြို့နယ်အတွင်း လက်ရှိစာရင်းဇယားများအရ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမျိုးသား ၁၃၀၀၀၀ ကျော်၊ အမျိုးသမီး ၁၄၀၀၀၀ ကျော်နှင့် စုစုပေါင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၂၇၀၀၀၀ ကျော် ရှိကြောင်း၊ အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများတွင် ချင်းတိုင်းရင်းသား ၁၃၀၀၀၀ ကျော်၊ ရှမ်းတိုင်းရင်းသား ၂၀၀ ကျော် နှင့် မသန်စွမ်း ၇၀၀ ကျော်တို့ပါဝင်ကြောင်း၊ မဲဆန္ဒနယ် (၁) တွင် မဲရုံပေါင်း ၁၀၂ ရုံ၊ မဲဆန္ဒနယ် (၂) တွင် မဲရုံပေါင်း ၉၃ ရုံ စုစုပေါင်း ၁၉၅ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကာ မဲရုံမှူးသင်တန်းများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဂင်ခန့်ပေါင်ထံမှ သိရသည်။
သန်းထိုက်အောင် (ပြန်/ဆက်)