မြဝတီ ဇွန် ၂၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ပူလွဲပူကျေးရွာအုပ်စု၊ သဲပုံကျေးရွာတွင် မြဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၂၀ ဒဿမ ၄၅)ကျပ်သန်းဖြင့် ဆောင်ရွက်ပေးသည့် မြစ်ရေတင်လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သည့်အတွက် ကျေးရွာရှိ ပြည်သူများ သောက်သုံးရေ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့အဲ့ဒီရွာမှာ ရေရှားမှုတွေ ဖြစ်တာပေါ့နော်၊ လက်တူးရေတွင်းအချို့ ရှိပေမယ့်လည်း ရေထွက်အားနည်းတယ်၊ ရေခမ်းလွယ်တာတွေပဲ ရှိနေတာပါ၊ စက်ရေတွင်းကလည်း တူးလို့မရပါဘူး ဒါကြောင့်မို့လို့ ကျွန်တော်တို့ဌာနအနေနဲ့ အခုလို စက်နဲ့တင်ပြီး ရေသိုလှောင်ကာ အိမ်သွယ်ရေတိုင်စနစ်နဲ့ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်” ဟု မြဝတီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငွေစိုးက ပြောကြားခဲ့သည်။
အဆိုပါ မြစ်ရေတင်လုပ်ငန်း ပြီးစီးမှုအခြေအနေကို မြဝတီခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ မြို့နယ်ဦးစီးမှူး ဦးငွေစိုးနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ မြစ်ရေတင်လုပ်ငန်း ပြီးစီးသွားသည့်အတွက် အိမ်ခြေ ၂၉၄ အိမ်ရှိ လူဦးရေ ၆၀၀ ခန့်ရှိသည့် သဲပုံကျေးရွာမှ ကျေးရွာပြည်သူများအနေဖြင့် သောက်သုံးရေရှားပါးမှု အခက်အခဲ မရှိတော့သည့်အတွက် များစွာအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်