ဘိုကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်

ဘိုကလေး ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၎င်းတို့ပိုင် ဈေးများအတွင်း Mask (နှာခေါင်းစည်း) တပ်ဆင်ရောင်းချစေရေး၊ ဈေးဝယ်သူများ အနေဖြင့်လည်း Mask (နှာခေါင်းစည်း)တပ်ဆင်၍ ဈေးဝယ်မှုပြုစေရေး အသိပညာပေးကာ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်တွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ် များအား အသိပေးကာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချနိုင်စေရေး ကြပ်မတ် ဆောင်ရွက်ခဲ့ကြသည်။

ယခုလက်ရှိတွင် ဘိုကလေးမြို့နယ်၊ ဖိုးလေးကျေးရွာအုပ်စု၊ သိန္ဒီကျေးရွာနေ အမျိုးသမီး(၂)ဦးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ တွေ့ရှိရပြီး အဆိုပါလူနာ(၂)ဦးအား မြို့နယ်ကုတင်(၁၀၀)ဆေးရုံကြီးမှ ဆေးဝါးကုသ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလူနာများနှင့် ထိတွေ့ခဲ့သူ(၁)ဦးအား ဘိုကလေး မြို့နယ်ရှိ အနန္တသုခတန်ဆောင်းတော်တွင် ဖွင့်လှစ်ထားရှိသည့် Quarantine Center ၌ အသွားအလာ ကန့်သတ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)