အုတ်ဖိုမြို့နယ်အတွင်း စားသောက်ဆိုင်များ  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

အုတ်ဖို ဇွန်   ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဇွန်လ ၁၆ ရက်နေမှ စတင်၍ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ရာ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိကို ယနေ့နံနက်ပိုင်းက အုတ်ဖိုမြို့၊ အိုးသည်ကုန်းမြို့နှင့် အေးမြသာယာအုပ်စုတို့တွင် ရောင်းချလျှက်ရှိသော စားသောက်ဆိုင်များအား တာဝန်ရှိသူများမှ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ  ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် အဖွဲ့(၃)ဖွဲ့ခွဲကာ  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)၊ မျက်နှာကာ Face Shield တပ်ဆင်၍ စနစ်တကျရောင်းချမှု ရှိ/မရှိနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ရောင်းချမှု ရှိ/မရှိ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ ကိုက်ညီမှုရှိ/မရှိ တို့ကို  စစ်ဆေးကြည့်ရှုခဲ့ကြပြီး ပါးစပ်နှင့်နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်အသုံးပြုကာ ဝယ်ယူရောင်းချရန်၊ လက်ဆေးရန်နေရာများ ဆိုင်၏အဝင်ဝတွင် ထားရှိအသုံးပြုစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာဖြင့် ပြောဆိုနေထိုင်သွားလာကြရန်၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဝယ်ယူရောင်းချရေး အသိပညာပေး နှိုးဆော်မှုများကို အုတ်ဖိုမြို့တွင် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင် ဦးဆောင်သောအဖွဲ့၊ အိုးသည်ကုန်းမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးထွန်းလွင် ဦးဆောင်သောအဖွဲ့နှင့် အေးမြသာယာအုပ်စုတွင် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးခင်မောင်ဝင်း ဦးဆောင်သော အဖွဲ့တို့မှ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

အောင်သူ