ထီးချိုင့်မြို့နယ်ရှိ ကက္ကုကျေးရွာတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) အကောင်အထည်ဖော် ဆောင်ရွက်

ထီးချိုင့် ဩဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစား ပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စီမံချက်ကို ကက္ကုကျေးရွာတွင် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က သွားရောက် ဖော်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)  ဖော်ဆောင်ရာတွင် မြတောင်ကျေးရွာအုပ်စု၊ ကက္ကု ကျေးရွာမှ အသင်းသူ/သားများအား စိုက်ပျိုးရေး‌ တောင်သူ (၆၂) ဦးအတွက် ချေးငွေ (၂၄၆) သိန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ (၂၂) ဦးအတွက် ချေးငွေ (၅၂) သိန်း စုစုပေါင်း လူဦးရေ (၈၄) ဦး အတွက်  ချေးငွေ (၂၉၈) သိန်းအား ထုတ်ချေးပေးခဲ့ပြီး နိုင်ငံတော်မှ ချမှတ်ထားသော လမ်းညွှန်ချက်နဲ့ အညီ ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမွန်ထက်နှင့် ဝန်ထမ်းများမှ ကြီးကြပ် ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရှိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)