ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသူများအား ကာကွယ်ဆေးထိုးနှံပေး

ကော့သောင်း ဇွန် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်(၉)နာရီက  ကော့သောင်း မြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက  ကာကွယ်ဆေးကို ထိုးနှံ ပေးခြင်းဖြစ်သည်။

ကော့သောင်းမြို့အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မတိုင်မီအချိန်က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရ သည့် လူနာ(၄၇)ဦးရှိခဲ့ကြောင်း၊ အားလုံးမှာ ကော့သောင်းဒေခံများ မဟုတ်ကြကြောင်း၊ ပိုးတွေ့ လူနာ များအားလုံး သက်သာပျောက်ကင်းခဲ့ကြကြောင်း၊ အခုတဖန် ယခုနှစ်ဇွန်လအတွင်း ပြည်တွင်းကူးစက်မှု အသွင်ဖြင့် ရောဂါပိုး ထပ်မံတွေ့ရှိမှုများ ပေါ်ပေါက်လျက်ရှိပြီး ဇွန်လ ၂၈ ရက်နေ့အထိ ဆေးကုသမှု ခံယူနေသည့် ပိုးတွေ့လူနာ(၁၈)ဦးရှိကြောင်း၊ အခုလို ကာကွယ်ဆေးထိုးနှံပေးသည့် အချိန်မှာ မြို့နေ ပြည်သူများ လာရောက်ထိုးနှံဖို့ တိုက်တွန်းလိုကြောင်း ကော့သောင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ လင်းထိုက်က ပြောသည်။

ကော့သောင်းမြို့နယ်အနေဖြင့် ပထမအသုတ် ရောက်ရှိလာသည့် ကာကွယ်ဆေးဖြင့် ပြည်သူ(၅၄၂၅)ဦး အား ပထမအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယခုအသုတ်အဖြစ် ကော့သောင်းမြို့နယ်အတွက် နိုင်ငံတော်မှ စီစဉ်ပေးသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြင့် ကာကွယ်ဆေးထိုးနှံခြင်း မပြုရသေးသော မြို့နေပြည်သူများ အပါအဝင် ပညာရေးဝန်ထမ်း ဆရာ/မများနှင့် ဝန်ထမ်းများအား ဦးစားပေးထိုးနှံ ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး