ပွင့်ဖြူမြို့နယ်၌ ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စနစ် စံပြကွက် ဧက (၅၀) တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ပြုလုပ်

ပွင့်ဖြူ ဇွန် ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ စပါးသီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးပွား စေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်သည့် ချမ်းမြေ့မေ စပါးမျိုးသန့် နွေစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စနစ် စံပြကွက် အောင်မြင်ဖြစ်ထွန်းမှုအခြေအနေအား တောင်သူပညာပေး ကွင်း သရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာ တောင်သူ ဒေါ်စန်းတင့်၏ ကွင်းအမှတ် (၇၈၄) နွေးစပါးစိုက်လယ်မြေတွင် ကျင်းပသည်။

တောင်သူပညာပေးသရုပ်ပြပွဲတွင် မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးလင်းမြင့်က တောင်သူပညာပေး သရုပ်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများနှင့် ဈေးကွက်ဝင်သီးနှံများအကြောင်းကို  တောင်သူ အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာ တောင်သူ ဒေါ်စန်းတင့် အပါအဝင် တောင်သူ(၂၄)ဦး၏ နွေစပါးစိုက်လယ်မြေတွင် ချမ်းမြေ့ဇေယျာကုမ္ပဏီမှ ထုတ်လုပ်သော ချမ်းမြေ့မေ စပါးမျိုးသန့်အား ပျိုးသက်နုကောက်ကွက်ကြဲ (SRI)စနစ် စံပြကွက် ဧက(၅၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအခြေအနေ အား တောင်သူပညာပေးသရုပ်ပြသရာ ဒေသခံတောင်သူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)