ကန့်ဘလူမြို့တွင် အခြေခံပညာကျောင်းများရှိ ဆရာ၊ဆရာမများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကန့်ဘလူ ဇွန် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကန့်ဘလူမြို့ ခုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံ ၌ ယနေ့နံနက် ၉ နာရီက ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များကလိုက်လံကြည့်ရှုကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာ ဆရာ၊ဆရာမများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ် ဆေးထိုး နှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ဆရာ၊ဆရာမများအား ကျန်းမာရေး ဝန်ထမ်းများက စာရင်းကောက်ယူခြင်းအဖွဲ့၊ ကျန်းမာရေးစစ်ဆေးခြင်းအဖွဲ့၊ ကာကွယ်ဆေးထိုးနှံ ခြင်းအဖွဲ့နှစ်ဖွဲ့ဖြင့် ဆရာ/ဆရာမ စုစုပေါင်း ၄၅၀ ဦးကိုထိုးနှံပေးလျက်ရှိပြီး လိုအပ်သည်များကို လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှပေါင်းစပ်ညှိနှိုင်းဆောင်​ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများသည် ကာကွယ်ဆေးထိုးနှံပြီး  ၂၈ ရက်အကြာ တွင် ဒုတိယအကြိမ် ပြန်လည်ထိုးနှံသွား ရမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)