ဆင်ပေါင်ဝဲ ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၁-ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့မှစ၍ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို ကျင့်သုံးဆောင်ရွက်မည်ဖြစ်သောကြောင့် မှုခင်း စီမံခန့်ခွဲမှု အစီအစဉ် (CMP) ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက အဖွင့်အမှာ စကား ပြောကြားပြီး တရားရုံးများတွင် အမှုများစစ်ဆေးရာ၌ အချိန်ကြာမြင့်မှုများကို စီမံခန့်ခွဲပြီး တရားမျှတမှု ရှာဖွေပေးရန်အတွက် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အားကျင့်သုံး၍ ဖြေရှင်း အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း မှုခင်းစီမံခန့်ခွဲမှုဆိုသည်မှာ ရာဇဝတ်မှုဖြစ်စေ၊ တရားမမှုဖြစ်စေ စစ်ဆေးစီရင်ရာတွင် စံသတ်မှတ်ကာလအတွင်း ပြီးပြတ်စေရန် မှုခင်းစစ်ဆေး ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားရုံးမှ အမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများ နှင့်အတူ ပူးပေါင်း၍ နည်းပညာ အထောက်အပံ့များဖြင့် စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းကို ဆိုလိုပါကြောင်းနှင့် မြို့နယ်တရားသူကြီး ဦးဆန်းမင်းထွန်းက မှုခင်း စီမံခန့်ခွဲမှု (CMP) ကို ကျင့်သုံးဆောင်ရွက်မှုနှင့် စပ်လျဉ်းပြီး တရားရုံးများနှင့် ဆက်စပ်ပါ ဝင်နေသည့် မိတ်ဖက်အဖွဲ့အစည်းများကို သိရှိစေရန် ရှင်းလင်းဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မူဝါဒလမ်းစဉ်များ၊ ရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တရားစီရင်ရေးဆိုင်ရာ မဟာ ဗျူဟာစီမံကိန်းကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ မဟာဗျူဟာစီမံကိန်း၏အဓိက ရည်ရွယ်ချက်မှာ အားလုံး အတွက် တိုးတက်ကောင်းမွန်သော တရားမျှတမှုဆီသို့ဟူသည့် ဆောင်ပုဒ်အတိုင်း ပြုလုပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ တာဝန် ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း