ပွင့်ဖြူမြို့နယ် ဂွေ့ကျေးရွာတွင် မုန်းချောင်းကမ်းပြိုကာကွယ်ရေးအတွက် ဗာတီဗာမြက်များ စုပေါင်း စိုက်ပျိုး

ပွင့်ဖြူ  ဇွန်  ၂၉

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် ၊ မိုးရာသီ မြစ်/ချောင်းကမ်းပါး ပြိုကျမှု ကာကွယ်ရေးစီမံချက်ဖြင့်  ယမန်နေ့ နံနက် ၇ နာရီက ပွင့်ဖြူ မြို့နယ် ဂွေ့ကျေးရွာရှိ ဒေသခံ ပြည်သူများ မုန်းချောင်းကမ်းပါးပြိုကျမှုအန္တရာယ်ကင်းဝေးစေရေးအတွက် ဒေသခံပြည်သူ လူထုနှင့် ပူးပေါင်းပြီး မုန်းချောင်းကမ်းပါး တစ်လျှောက် ဗာတီဗာမြက်ပျိုးပင်များ စုပေါင်းစိုက်ပျိုး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်/ချောင်းကမ်းပါးပြိုကျမှုကာကွယ်ရေးစီမံချက်ဖြင့် ဗာတီဗာမြက်များ စိုက်ပျိုးခြင်းကို ယခု ၂၀၂၁ ခုနှစ် ၊ မိုးရာသီတွင် ဗာတီဗာမြက်ပျိုးပင်ပေါင်း ၆၀၀၀ စိုက်ပျိုးရန် လျာထားရှိကြောင်း သိရပြီး ၊ ယမန်နေ့က ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဂွေ့ကျေးရွာသို့ သွားရောက်ပြီး မုန်းချောင်းကမ်းပြိုကျမှု အန္တရာယ် ကင်းဝေးစေရေးအတွက် ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ဗာတီဗာမြက်ပျိုးပင် ၁၂၀၀ အား မုန်းချောင်း ကမ်းပါး တစ်လျှောက် စနစ်တကျ စုပေါင်းစိုက်ပျိုးဆောင်ရွက်ခဲ့ကြသည်။

ယင်း ဗာတီဗာမြက်စိုက်ပျိုးခြင်းသည် အပင်ပေါက်ပွားမှုအားကောင်းပြီး မြေပြိုကျမှုအား ကာကွယ်ပေး သည့်အတွက် မြစ်/ချောင်းကမ်းပါးပြိုကျမှုကာကွယ်ရေးစီမံချက်ဖြင့် ၂၀၂၀ ခုနှစ်မှ စတင်ကာ ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက် ကျေးရွာများနှင့် မုန်းချောင်းကမ်းပါး တစ်လျှောက် ကျေးရွာများတွင် ကျေးရွာလူထုနှင့် ပူးပေါင်း အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက် နေခြင်း ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော် ထံကသိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )