လပွတ္တာခရိုင်၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

လပွတ္တာ   ဇွန်   ၂၈

ရာသီဥတုမျှတစေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သဘာသယံဇာတအရင်းအမြစ်များ ရေရှည် တည်တံ့နိုင်စေရန် ရည်ရွယ်၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကို လပွတ္တာခရိုင်၊ (၃)မိုင်မြို့သစ် အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ ယနေ့ နံနက် (၀၈:၀၀) နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူက သစ်ပင်စိုက်ပျိုးခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများနှင့် မိမိတို့စိုက်ပျိုးထားသည့် သစ်ပင်များဆက်လက်ရှင်သန်နိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်သစ်တောဦးစီးအရာရှိက လပွတ္တာခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ငွေအား ပျိုးပင်များကို ပေးအပ်ခဲ့ရာ လက်ခံရယူပြီး ပျိုးပင်များကို သတ်မှတ်နေရာများ၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ယနေ့စိုက်ပျိုးသည့် ပျိုးပင်များမှာ မန်ဂျန်ရှား၊ စိန်ပန်း၊ခရေ၊မဟော်ဂနီ၊ ကျွန်း၊ ပင်လယ်ကဗွီး ၊ မယ်ဇလီ စုစုပေါင်း ပျိုးပင်(၂၅၀)ကျော် စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။ အဆိုပါသစ်ပင်စိုက်ပွဲတော် သို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းမှ အင်အား(၅၀)ဦး တို့က စုပေါင်း၍ စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

လပွတ္တာခရိုင်ပြန်/ဆက်