ကျောက်ကြီး ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းထွန်း က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တရားသူကြီး ဦးမျိုးသိန်းဦးမှ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုတရားလွတ်တော် ချုပ်သည် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းများ ရေးဆွဲပြီး နယ်ပယ်အလိုက် ရည်မှန်းချက်များ သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ (၂၀၁၅)ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ (၃)နှစ်တာ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင်၂၀၁၈-ခုနှစ်မှ၂၀၂၂-ခုနှစ်အထိ(၅)နှစ်တာ မဟာဗျူဟာစီမံကိန်းအရ ဆောင်ရွက်ရာတွင် နယ်ပယ်(၅)ခုဖြစ်သည့် ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးက ဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့် ဆောင်ရွက်ရန် နယ်ပယ်အောက်တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို နိုင်ငံတစ်ဝန်းလုံးရှိ တရားရုံးများတွင် အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြက္ခဒိန်နှစ် အလိုက် အမှုပြီးပြတ်နှုန်းတွက်ချက်တိုင်းတာခြင်း ၊ စစ်ဆေးဆဲအမှုများ၏ သက်တမ်းတွက်ချက် တိုင်းတာခြင်း ၊ တရားရုံးအသုံးပြုသူများ၏ ကျေနပ်မှုစစ်တမ်းကောက်ယူခြင်း၊ အမှုရွေ့ဆိုင်းမှုနှုန်း တွက်ချက်ခြင်း၊ အမှုကြားနာရန် ချိန်းဆိုသော ပျမ်းမျှရုံးချိန် အရေအတွက်တွက် ချက်ခြင်းစသည့် စံများ သတ်မှတ်ထားရှိကြောင်း၊ မှုခင်းများတွင် အငြင်းပွါးမှုများကို မျှတစွာ ဖြေရှင်းနိုင်ရန်၊ မှုခင်းများကို အချိန်နှင့်တပြေးညီ စစ်ဆေးစီရင်နိုင်ရန်၊ အမှုလက်ကျန်များနှင့် ကြန့်ကြာနေသည့် မှုခင်းများ လျော့ချရန်၊ တရားရုံးများအပေါ် ပြည်သူလူထု၏ ယုံကြည်စိတ်ချမှု မြှင့်တင်နိုင်ရန်တို့မှာ မှုခင်းစီမံခန့်ခွဲမှုစနစ်၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ ဥပဒေပညာရှင်များ၊ တရားစွဲအဖွဲ့အစည်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက်ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းခဲ့ရာ မေးမြန်းမှု အပေါ် မြို့နယ်တရားသူကြီးမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
K ခိုင်