ကြာအင်းဆိပ်ကြီး ဇွန် ၂၈
မြန်မာနိုင်ငံတစ်ဝန်းတွင် ရော်ဘာနှစ်ရှည်ပင်များ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ တိုင်းဒေသကြီး ပြည်နယ်များ၌ ကရင်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု တတိယအများဆုံး ပြည်နယ်ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်သည် ကရင်ပြည်နယ်၌ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးမြို့နယ်ဖြစ်ပြီး စိုက်ဧကပေါင်း (တစ်သိန်းတစ်သောင်းကျော်) ဧက(၁၁၀၀၀၀)ကျော်ရှိပြီး ယခုနှစ်များတွင် မြို့နယ်အတွင်း၌ ရော်ဘာပင်အို ပင်ဟောင်းများအား ခုတ်လှဲမှုမှာ ဧက(၄၀၀)ကျော်ခန့်ရှိကြောင်း သိရသည်။
အဆိုပါခုတ်လှဲခဲ့သည့် ရော်ဘာပင်အိုဟောင်းများနေရာတွင် ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေး အတွက် ရော်ဘာပင်အိုခုတ်တောင်သူများအား ရော်ဘာပျိုးပင်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန် က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
၎င်းရော်ဘာပျိုးပင်ပေးအပ်ခြင်း အခမ်းအနားတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေယံကျော် က အဖွင့်အမှာစကားပြောကြားပြီး ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နော်သူးလေထီး က ရော်ဘာပျိုးပင်များ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ရော်ဘာအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝေလင်းညွှန့် က ရော်ဘာမျိုးကောင်းမျိုးသန့် စိုက်ပျိုးမှုနည်းပညာများ ရော်ဘာအစေး ထုတ်လုပ်မှုနှင့်အရည်အသွေး ဈေးနှုန်းရရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ရော်ဘာပင်အိုခုတ်တောင်သူများအား စိုက်ပျိုးချိန် အချိန်မှီစိုက်ပျိုးနိုင်စေရေးအတွက် တာဝန်ရှိသူများက ဒေသနှင့်ကိုက်ညီသည့် ရော်ဘာပျိုးပင် (BPM-24 ) မျိုးကောင်းမျိုးသန့် ပျိုးပင်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)