အသွားအလာ ကန့်သတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ နေရပ်ပြန် မြန်မာသင်္ဘောသား ခြောက်ဦးအား ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကြပ်မတ်ကုသလျက်ရှိ

ကော့သောင်း ဇွန် ၂၈

ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားကာ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့် နေရပ်ပြန် မြန်မာသင်္ဘောသား အမျိုးသားခြောက်ဦးအား ကော့သောင်းခရိုင် ပြည်သူ့ ဆေးရုံကြီး၊ သီးသန့်ဆောင်တွင် အထူးကြပ်မတ် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်္ဘောသားများမှာ တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံသို့ ဇွန်လတတိယအပတ်က ပြန်လည် ဝင်ရောက်လာကာ ကော့သောင်းမြို့တွင် Hotel Quarantine ထားရှိကန့်သတ် စောင့်ကြည့် ခံယူလျက် ရှိရာမှ ဇွန်လ ၂၇ ရက်နေ့က ခရိုင်ကျန်းမာရေးဌာနမှ RDT စစ်ဆေးရာ ရောဂါပိုးတွေ့ရှိရခြင်းဖြစ်သည်။ ၎င်းတို့သည် ကော့သောင်းဒေသခံများ မဟုတ်ဘဲ အခြားတိုင်းဒေသကြီးတို့တွင် နေထိုင်ကြသူများ ဖြစ်ကြသည်။

ရောဂါပိုးတွေ့ရှိသူ သင်္ဘောသား (၆)ဦးအား ကော့သောင်းခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၎င်းတို့ Quarantine စခန်းများဖြစ်သည့်  ဟိုတယ် အသီးသီးမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ  စနစ်တကျ  ကော့သောင်းခရိုင်၊ ပြည်သူ့ဆေးရုံကြီး၏ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ပေးခဲ့ကြပြီး  ဆေးကုသမှုဆက်လက်ခံယူ လျက်ရှိပြီး  ကော့သောင်းမြို့အနေဖြင့် ဇွန်လ ၂၇ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသဖြင့် ခရိုင်ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေရသူ စုစုပေါင်း(၁၈)ဦးရှိကြောင်း ကော့သောင်းခရိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ လင်းထိုက်၏ ပြောဆိုချက်အရ သိရသည်။

ကျော်စိုး