ပေါင်းတည်မြို့နယ်တွင် နှာခေါင်းစည်း Mask တပ်ဆင်ရေးအဖွဲ့များခွဲ၍ နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပေါင်းတည် ဇွန် ၂၈

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက ပြည်ခရိုင်‌၊ ပေါင်းတည်မြို့နယ်အတွင်း လူစည်းကားရာနေရာများ ဖြစ်သော ဈေး(၂)ရပ်ကွက် ရန်ကုန်-ပြည်လမ်းတွင် အဖွဲ့များခွဲ၍ နှာခေါင်းစည်း Mask မတပ် ဆင်ဘဲ သွားလာနေသူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာ ပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။

ထို့သို့ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကားများ ဆိုင်ကယ်များ အနှေးယာဉ်များနှင့် လမ်းသွား လမ်းလာများတွင် နှာခေါင်းစည်း မတပ်ဆင်ဘဲဖြတ်သန်း သွားလာပါက နှာခေါင်းစည်း Mask အခမဲ့ တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ 

ကိုဗစ်-၁၉ ရောဂါသည် ကူးစက်နိုင်ပြီး ကူးစက်ရာတွင် ဖြစ်နိုင်ချေ အများဆုံးသည် အသက်ရှူလမ်းကြောင်းကို တိုက်ရိုက်ရောက်သည့် နှာခေါင်း၊ ပါးစပ်တို့အား ကာကွယ်သည့် အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့် ကောင်းရရှိစေရန် နေ့စဉ်အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ချစ်နှင်းသုန်