ပုလဲ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း Coronavirus Disease 2019( COVID-19 ) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ပြန့်ပွားမှုမရှိစေရေးအတွက် ပုလဲမြို့အဝင်၌ ကျန်းမာရေးစစ်ဆေး ရေးဂိတ် ဖွင့်လှစ်၍ အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရှိရသည်။
ပုလဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲအောင်က “ ကျွန်တော်တို့ မြို့နယ်မှာ Coronavirus Disease 2019(COVID-19)ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးစစ်ဆေး ရေးဂိတ်ကို ပုလဲမြို့အဝင် ဂန့်ဂေါ- ပုလဲ ကားလမ်းဘေးမှာ ဇွန် ၂၄ ရက်မှ စတင်၍ ဖွင့်လှစ်ပြီး အရှိန်တိုးမြှင့် ဆောင်ရွက်လျက်ရှိပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီမှ COVID-19 ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်များကို ပြည်သူများ အနေဖြင့် တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ အသိပေးပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဇွန် ၂၆ ရက်နေ့မှာ ဆိုရင် လည်း ဂန့်ဂေါ - ပုလဲ ကားလမ်းမှာ ဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများအား COVID-19 ရောဂါ အကြောင်း အသိပညာပေးခြင်းနဲ့ နှာခေါင်စည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်အောင်နဲ့ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ဆောင်ရွက်ပေးခဲ့ပါတယ် ” ဟု ပြောကြားခဲ့သည်။
ပုလဲမြို့နယ်သို့ နေရပ်ပြန်များ ပြန်လည်ဝင်ရောက်လာပါက မြို့တော်ခန်းမ Quarantine Center မှာ နေထိုင် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိပြီး COVID-19 ရောဂါပိုး အတည်ပြု လူနာရှိလာပါက မြို့နယ်ပြည်သူ့ ဆေးရုံ၊ Isolation Ward၌ ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် စီစဉ်ထားရှိကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးမှသိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)