သရက်ခရိုင်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ

သရက် ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။   

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၄) ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် ချက်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားဖြစ်ခွင့်ရှိသူ အမျိုးအစား(၄) မျိုး ခွဲခြားပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို စီမံချက်ကာလ (၁၈)လ သတ်မှတ်၍ ဆောင်ရွက်လျက် ရှိရာ စတင်ဆောင်ရွက်သည့်မေလမှ ယနေ့အထိ သရက်ခရိုင်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၁၉၁ ဦး နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၈၉၄) ခုအား ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်မျိုးလတ်က နိုင်ငံတော်စီမံ အုပ်ချုပ်မှုကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပန်းခင်းစီမံ ချက် သတ်မှတ်ကာလဖြစ်သည့် (၁၈)လအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများ အဆင်ပြေချောမွေ့စွာ ထုတ်ပေးနိုင်ရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်ရင်းတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ သည်။ ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၄) ညွှန်ကြားရေးမှူး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို သရက်ခရိုင်အတွင်းရှိ သရက်၊ အောင်လံ၊ မင်းတုန်း၊ ကံမ၊ မင်းလှ၊ ဆင်ပေါင်ဝဲ မြို့နယ် များမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များအား ပေးအပ်ခဲ့သည်။ ယင်းနောက် သရက်မြို့နယ် ပြရေ ကျေးရွာဥက္ကဋ္ဌ ဦးမြဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။           
ဇော်ဝမ်းထွန်း(အောင်လံ)