အိမ်မဲ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် မြို့မစျေးကြီး၌ ကိုဗစ်(၁၉)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှယနေ့ နံနက် ၇ နာရီက စတင်စစ်ဆေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးမျိုးဇော်နှင့် ဝန်ထမ်းများက မြို့မစျေးတွင်ရောင်းချနေသောစျေးသူစျေးသားများ ကိုဗစ်(၁၉)ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ၊ စျေးလာဝယ်သူများကို နှာခေါင်းစည်းစနစ်တကျ တပ်ဆင်လာမှသာလျှင် စျေးအတွင်းသို့ဝင်ခွင့်ပြုခြင်း၊တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြားစီ ခပ်ခွာခွာနေကြဖို့ကို လက်ကိုင်စပီကာများဖြင့် အသိပညာပေးခဲ့ကြောင်းသိရသည်။
အိမ်မဲမြို့နယ် မြို့မစျေးကြီးသို့ လာရောက်၍ စျေးဝယ်သူများနှင့်စျေးသူစျေးသားများအား နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပြီးမှသာ စျေးအတွင်းသို့ဝင်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ရှောင်တစ်ခင်ဝင်ရောက်စစ်ဆေးသည့်အခါ စည်းကမ်းချက်များအားမလိုက်နာသူများကို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)