​ဖောင်းပြင်မြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်သင်တန်းပို့ချ

ဖောင်းပြင် ဩဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် အဆိုပါဌာ၌ ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မင်းစိုးက သင်တန်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နေက် သင်တန်းကို ဆက်လက်ပို့ချရာ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မင်းစိုး၊ ဒုတိယဦးစီးမှူး ဒေါက်တာဆုရည်မြင့်ဦးနှင့် ဒေါက်တာ နှင်းပွင့်သက်တို့ က ကြက်၊ ဝက်၊ ဆိတ်နှင့် နွးမွေးမြူရေးများအတွက် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များကို လည်းကောင်း၊ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများ နှင့် ရောဂါလက္ခဏာများ၊ ကုသရေးနည်းလမ်းများ၊ ရောဂါမဖြစ်ပွားစေရေး ကာကွယ် ရေးနည်းလမ်းကောင်းများကို လည်းကောင်း သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း၊ သင်တန်းသား (၂၀) ဦး တက်ရောက်ကြပြီး သင်တန်းကို  ၅ ရက်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြင့် သင်တန်းသားများမှတဆင့် ကျေးရွာများမှ ပြည်သူများဆီသို့ ကောင်းမွန်သောမွေးမြူသည့်စနစ်နှင့် ကူးစက် ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရန်နှင့် ကျေးရွာများ၌ တိရစ္ဆာန်များ ကူးစက် ရောဂါ ဖြစ်ပွားလာပါက အချိန်မီကာကွယ်တားဆီးနိုင်ရေး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အချိန်မီသတင်းပို့နိုင်ခြင်းဖြင့် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်များနှင့် ကူးစက်ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်သည့် နည်းလမ်းများကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဖောင်းပြင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါက်တာကျော် မင်းစိုးထံမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)