မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပ

မအူပင် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်သူများ စာပေအသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းကို မအူပင်ခရိုင် ပြန်/ဆက်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်သူဇာလှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီးနောက် မအူပင်ခရိုင် စာအုပ်စာ စောင် ချစ်မြတ်နိုးသူများအသင်း နာယက ဆရာဦးပိုက်က ပြည်သူများအတွက် အသိဉာဏ် ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ဝိုင်းများကို ယခုလို ဆောင်ရွက်တာဖြစ်ကြောင်း ပြောကြားပြီး စာဖတ်ဝိုင်းအား ဆောင်ရွက်ရာ ကောင်းတာ လိုချင်ရင် မတုန်လှုပ်ဖို့၊ အောင်ပွဲလိုချင်ရင်၊ အောင်မြင်ချင်ရင် တိုက်ပွဲရင်ဆိုင်ရဲဖို့ အကြောင်း ပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း အဖွဲ့ဝင် ဆရာဦးဘိုထွေးက စာရေးဆရာ အောင်သင်းရေးသားသော “ရည်မှန်းချက်နှင့် ပြဿနာ” အထွေထွေစာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက် ဆွေးနွေးသည့် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ တပ်ရင်း၊ တပ်ဖွဲ့ဝင် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ စာပေချစ်သူ စာဖတ်ပရိတ်သတ်များက အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။