တောင်ကြီး ဇွန် ၂၆
ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်းရုံးရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်စေမည့် ဗိုင်းရပ်စ်၊ ဗီဇပြောင်းမျိုးကွဲများအကြောင်း ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့ ညနေ(၃)နာရီက ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေလင်းက စည်းရုံးရေး ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ အင်အားတောင့်တင်းပြီး စွမ်းအင်ထက်မြက်သော တပ်ဖွဲ့/ ဌာန ဖြစ်စေ ရန်၊ တပ်ဖွဲ့/ဌာနများအတွက် ကျစ်လစ်ခိုင်မာသော စည်းလုံးညီညွှတ်မှုကို တည်ဆောက်ရန်၊ ဒို့တာဝန်(၃)ပါး ကို ကာကွယ်စောင့်ရှောက်ရန်၊ တပ်ဖွဲ့ဝင်/ဌာန ဝန်ထမ်းများ၏ မိသားစုဝင်များကို တပ်ဖွဲ့ဝင်/ဌာန၏ အရံအင်အား များအဖြစ် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပါဝင်ဆောင်ရွက်ရန်တို့ ဖြစ်ပါကြောင်း၊ မိမိ၏ မူလတာဝန်များကို တာဝန်ကျေပွန်စွာ ဆောင်ရွက်ရမည့်အပြင် စည်းရုံးရေး လုပ်ငန်းတာဝန် များကိုလည်း တစ်ဘက်တစ်လှမ်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနမှ ပေးပို့လာသည့် ဆွေးနွေးရမည့် ခေါင်းစဉ်(၄)မျိုးအနက် (၂)မျိုးကို ဆရာဝန်ကြီးနှင့် ရဲမှူးတို့မှ ဟောပြော ပေးသွားမှာ ဖြစ်ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများလာသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော ဆောင်ရန်၊ ရှောင်ရန်များကို အလေးထားလိုက်နာ ဆောင်ရွက်သွား ကြရန်နှင့် လုံခြုံရေးနှင့် ပတ်သက်၍ ရဲမှူးမှ ဟောပြောပေးမည့် အချက်များကိုလည်း အထူးဂရုပြု လေးစား လိုက်နာပြီး ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ဒေါက်တာ သူရိန်ထွန်းမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်စေသည့် ဗိုင်းရစ်ပ်၏ ဗီဇပြောင်းမျိုးကွဲများ အကြောင်းနှင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယရဲမှူး အောင်စိုးမှ မိမိနှင့်မိမိပတ်ဝန်းကျင် လုံခြုံမှုအစဉ်သတိပြု အကြောင်း ရှင်းလင်းပြောကြားသွားကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)