ရိခေါ်ဒါရ် ဇွန် ၂၆
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်တားဆီးရေးကော်မတီနှင့်အတူ ကျန်းမာရေးဌာန၊ ရပ်ကွက်လူငယ် Volunteer များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအား RDT Test Kit ဖြင့် နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၅ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၁၁၆ ဦးကျော်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ရိခေါ်ဒါရ်မြို့ရှိ ဟွာလ်ငိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (Hualngo Land Development Organization – HLDO)မှ ရိခေါ်ဒါရ်မြို့နှင့် အနီးတဝိုက်ရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုအခြေအနေစစ်ဆေးနိုင်ရေးနှင့် ရောဂါထိန်းချုပ်ကုသနိုင်ရေးအတွက် Standard Q SD Biosensor RDT Test Kit (၁၀၀၀)နှင့် ဆေးဝါး၊ ဓာတ်ဆားများနှင့် အားဆေးများကို ထောက်ပံ့ လှူဒါန်းပေးခဲ့ရာ အဆိုပါရောဂါစစ်ဆေးရေးလုပ်ငန်းသုံးပစ္စည်းများဖြင့် ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ် Volunteer အဖွဲ့များက ဇွန်လ ၇ ရက်နေ့မှ စ၍ မြို့ပေါ်ရပ်ကွက်နှစ်ခုအတွင်း ပြည်သူများ၏ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရောဂါကူးစက်ပျံ့နှံ့မှု စတင်ဆေးဆောင်ရွက်သည့် ဇွန်လ ၇ ရက်နေ့မှ ၁၅ ရက်နေ့ အထိ (၉ ရက်အတွင်း) ရပ်ကွက်နေပြည်သူ ၇၇၅ ဦးတို့အား စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၎င်းတို့ အနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၁၆)ဦးရှိပြီး၊ ရောဂါဖြင့်သေဆုံးသူ တစ်ဦးရှိကြောင်း၊ ရောဂါပိုးတွေ့ရှိသူများ၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်မရှိပဲ ကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။ မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီနှင့် အတူ ကျန်းမာရေးဌာန၊ ရပ်ကွက်လူငယ် Volunteer အဖွဲ့များနှင့် စေတနာ့အလှူရှင် HLDO အဖွဲ့ အစည်းတို့ပူးပေါင်းပြီး ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေစစ်ဆေးခြင်း၊ ရောဂါထိန်းချုပ်ကုသရေး၊ ပြည်သူများကျန်းမာရေးဆိုင်ရာ အသိပေးချက်များ၊ ညွှန်ကြားချက်များ လိုက်နာစေရေး အသိပညာ ပေးခြင်းလုပ်ငန်းကိုလည်း နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများပြားလာခြင်းကြောင့် ရပ်ကွက်နေပြည်သူ များ နေအိမ်အပြင်ဘက်သို့ မလိုအပ်ပဲ သွားလာလှုပ်ရှားမှုအပြုကြပဲ ရပ်ကွက်အတွင်း တိတ်ဆိတ် ငြိမ်သက်နေကြောင်း၊ မလွှဲရှောင်သာသောကိစ္စရပ်များကြောင့် နေအိမ်အပြင်ဘက်သို့ သွားလာ လှုပ်ရှားပါကလည်း နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြကြောင်း သိရသည်။
ရိခေါ်ဒါရ် (ပြန်/ဆက်)