ဖောင်းပြင် ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ပညာရေး၊ ကျန်းမာရေးနှင့် တောင်သူများမှ စိုက်ပျိုးသော သီးနှံများ ဈေးကွက်သို့အချိန်မီပို့ဆောင်ရေး ကုန်ထုတ်လမ်းအဖြစ်အသုံးပြုနိုင်ရန်အတွက် မိုင်းနွဲ့ကျေးရွာနှင့် စကားတာ ကျေး ရွာချင်းဆက်လမ်း ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်ခြင်းကို အလှူရှင်များ၏ ထည့်ဝင် ငွေများဖြင့် ယခုလ ၂၀ရက်က စတင်ဆောင်ရွက်ကြောင်းသိရသည်။
ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ခြင်းနှင့်ပတ်သက်၍ “ယခုဖောက်လုပ်တဲ့လမ်းက တစ်ရွာနှင့်တစ်ရွာ သုံးမိုင် လောက်ဝေးပါတယ်။ ယခင်လမ်းအဟောင်းကတော့ ဆယ်မိုင်ဝန်းကျင်လောက်ရှိပါတယ်။ အဓိကတော့ ကလေးတွေ ပညာရေးနဲ့ ကျန်းမာရေးအတွက် အချိန်တိုအတွင်းသွားလာမှုလွယ်ကူအောင် ဖောက်လုပ်တာပါ။ ပြီးတော့ လယ်ယာကထွက်တဲ့သီးနှံတွေကိုလည်း သယ်ယူရာမှာ ပိုပြီးအဆင်ပြေသွား မှာပါ”ဟု စကားတာကျေး ရွာက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလင်းက ပြောပြသည်။
အဆိုပါလမ်းဖောက်လုပ်ခြင်းကို ကျေးရွာအုပ်စုအတွင်းက ပြည်သူများထည့်ဝင်ငွေများနှင့် အလှူရှင်များ ၏ထည့်ဝင် ငွေများဖြင့် ဖောက်လုပ်နေခြင်းဖြစ်ပြီး၊ လမ်းအကျယ် ပေ၂၀၊ လမ်းအရှည် ၃မိုင်ရှိကြောင်း၊ လမ်းအား အပြီးသတ်ဖောက်လုပ်နိုင်ရန် ငွေကျပ်သိန်းနှစ်ဆယ်ကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထား ကြောင်း၊ ယခုအခါ ထည့်ဝင်အလှူငွေမှာ ၇သိန်းခန့်ရှိပြီး လမ်းဖောက်လုပ်မှုအခြေအနေများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြထားကြောင်းသိရသည်။
ကိုထွန်း(ဖောင်းပြင်)