နာဂဒေသ၊ လဟယ်မြို့တွင် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွန်ချက် များရှင်းလင်း

လဟယ် ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွန်ချက်ဖြင့် အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနမှ ဆောင်ရွက်သည့် မြန်မာနိုင်ငံသားများအား ဉပဒေနှင့်အညီ ကိုင်ဆောင်သင့်သောကတ်များ ထုတ်ပေးရေး ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ လုပ်ငန်းလမ်းညွန်ချက်နှင့်အညီ လုပ်ငန်းဆောင်ရွက်မည့် အခြေ အနေများကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးရေးအဖွဲ့နှင့် လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က နာဂဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းမှ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးဦးနေမင်းသူက ဖြည့်စွက်မှာကြား ဆွေးနွေးခဲ့သည်။ ထို့နောက် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နာဂဒေသတာ၀န်ခံ၊ လဟယ်မြို့နယ် ခေတ္တမြို့နယ်ဦးစီးမှူး ဦးစိုးတင့်အောင် (လက်ထောက်ညွန်ကြားရေးမှူး) မှ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ လဟယ် မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသည့် ပြည်သူဦးရေ (၂၄၀၆) ဦး အတွက် အခမဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော နာဂစာပေနှင့်ရိုးရာယဉ်ကျေးမှု ကော်မတီဉက္ကဋ္ဌ ဦးပေါင်ခုနှင့် ရပ်မိ ရပ်ဖများမှ လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာအခြေအနေနှင့် ပတ်သက်ဆွေးနွေးခဲ့ပြီး ပန်းခင်း စီမံချက်နှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

(ရှားဆက်၊လဟယ်)