သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

ဇီးကုန်း ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အဘိတ်ဆေးခတ်ခြင်းကို အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၄)၊ ရပ်ကွက်များတွင် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ  ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ကျေးရွာ/ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေနိုင်သော ခြင် အကိုက်ခံရခြင်းနှင့် ပေါက်ဖွား ခြင်း မရှိစေရေးအတွက် ရပ်ကွက်အတွင်းရှိ နေအိမ်များမှ ရေတွင်း၊ ရေကန်၊ ကျောက်စည်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ နေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုးများ၊ ရေတွင်းရေကန်များ၊ ရေစည်များ၊ ရေအိုး ရေခွက်များ နှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လမ်းများ မပေါက်ဖွားစေနိုင် စေရေးအတွက်  ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို မြို့နယ်အတွင်းရှိ မြို့ပေါ်(၅)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၂၉) တို့တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ သိရသည်။

ဇီးကုန်းမြို့နယ်တွင် ကလေးငယ်(၃)ဦး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နေပြီး(မစိုးရိမ်ရ) ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိကြောင်းနှင့် အဆိုပါ အဘိတ်ဆေးခတ်ခြင်း အစီအစဉ်အား မြို့နယ်မီးသတ်ဦးစီး ဌာနနှင့် ရပ်ကွက်ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များမှ လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ