ဇီးကုန်းမြို့နယ်တွင် စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးလိုက်လံစစ်ဆေး

ဇီးကုန်း ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ရောင်းချရေးကို ယနေ့ နံနက်ပိုင်းက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ ဦးဆောင်သော ဌာနဆိုင်ရာ စုပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်များနှင့် အညီရောင်းချရေး လိုက်နာဆောင်ရွက်နိုင်ရေးတို့ကို လိုက်လံစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူများအားလုံးကို ဆိုင်အဝင်ဝတွင် ကိုယ်ပူချိန်တိုင်းရန်နှင့်  လက်ဆေးရန် စီစဉ်ထားရှိစေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်သော အသိပညာပေး ပိုစတာများ ချိတ်ဆွဲစေခြင်း၊ စားပွဲတစ်လုံးနှင့်တစ်လုံး ၆ ပေ အကွာထားရှိစေခြင်း၊ ဆိုင်ရှိဝန်ထမ်းအားလုံး နှာခေါင်းစည်းနှင့် လက်အိတ်များ ဝတ်ဆင်စေခြင်းနှင့် လုပ်ငန်းဆောင်ရွက် နေစဉ်ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းစသည့် လက္ခဏာများ ခံစားရပါက အလုပ်မှချက်ခြင်း အနားပေး၍ နီးစပ်ရာကျန်းမာရေးဌာနသို့ သတင်းပို့၍ ဆေးကုသမှုခံယူရန် စသည့်အချက်များကို အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ