ကသာ ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ ရပ်ကွက်နှင့် ကျေးရွာများရှိ အမျိုးသမီးများအား သုံးနှစ်မှ ငါးနှစ် အရွယ် ကလေး များကို နည်းစနစ်မှန်ကန်စွာ ပြုစုပျိုးထောင်သည့်နည်းလမ်းများ သိရှိနိုင်စေရန်ရည်ရွယ်၍ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့)သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက တောင်ပေါ်ကျောင်းတိုက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စတင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ကသာခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်အေးမော်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းတွင် ကလေးငယ်များ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုစုပျိုးထောင်ခြင်းဆိုင်ရာများ၊ ကလေး များနှင့် အပြန်အလှန် ဆွေးနွေးခြင်းဆိုင်ရာများ စသည့်အကြောင်းအရာများကို စာတွေ့နှင့်လက်တွေ့ဖြင့် သင်တန်းသူများကို ဩဂုတ်လ (၁၀) ရက်နေ့မှ (၃၀)ရက်နေ့ အထိ (၂၁)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
"သင်တန်းပြီးဆုံးသွားပါက သင်တန်းသူများအနေနှင့် သူတို့မူကြိုဖွင့်ချင်ရင် မူကြိုဖွင့်လို့ရမယ့်အချက်အလက်များကို ဒီဦးစီးဌာနကနေ ပြောပြ ပေးသွားမယ်။ ဒီကနေပြီးရင် တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းအနေနဲ့ မူကြိုဖွင့်သွားလို့ရမယ်။ ပြီးရင် လူမှုဝန်ထမ်းဦးစီးဌာနကနေ ယူရမည့် အသိအမှတ်ပြုအချက်အလက်၊ နည်းဥပဒေများကို ဒီသင်တန်းမှာ သင်ကြားသွားမယ်" လို့ ကသာခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်အေးမော်က ပြောသည်။
အဆိုပါသင်တန်းတွင် ကသာမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများမှ သင်တန်းသူ (၃၀)ဦး တက်ရောက်ကြောင်း သိရသည်။
ရဲအောင် (ပြန်/ဆက်)