ထားဝယ်မြို့တွင် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပညာပေးနှင့် ကျေးရွာခေါင်းဆောင်မှု သင်တန်းပေးခြင်း အခမ်းအနားကျင်းပ

ထားဝယ် ဇွန် ၂၄
 
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြိုနယ်အတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစိမ်းရောင် ကျေးလက် ဒေသဖွံ့ဖြိုးရေး (Green Growth) ပညာပေး နှင့် ကျေးရွာ ခေါင်းဆောင်မှု သင်တန်းပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
အခမ်းအနားတွင် ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးစိုးလင်းက ထားဝယ် မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး (Green Growth) စီမံကိန်းဆောင်ရွက်ရန်အတွက် ကျေးရွာ(၁၃)ရွာ အနက် ကျေးရွာ(၇)ရွာကို အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် ပညာပေးသင်တန်းနှင့် ကျေးရွာအဆင့် ခေါင်းဆောင်မှု သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဖော်ဆောင်ရွက်မည့် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth) သည် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မဟာဗျူဟာမူဘောင်နှင့်အညီ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေမြင့်မားလာစေပြီး ဆင်းရဲမှုနှုန်းကို လျှော့ချခြင်းဖြင့် ကျန်းမာရေး၊ ပညာရေးစသည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုကို ဆောင်ရွက် နိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
 
သင်တန်းတွင် ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် (ကူးတို့၊ ရောင်းမော်၊ ဝကုန်း၊ ရမ္မဇူ၊ တလိုင်းတောင်နှင့် ရှမ္မတွင်း) ကျေးရွာများမှ သင်တန်းသား ၂၁ ဦးအား တာဝန်ရှိသူများက အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး (Green Growth) လမ်းညွှန်ချက်ပါ ပညာပေးနှင့် ကျေးရွာ အဆင့်ခေါင်းဆောင်မှုစသည့် ဘာသာရပ်များကို သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။