သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးအတွက် သစ်တောဦးစီးဌာနနှင့် ကျေးရွာလူထု စုပေါင်း၍ သစ်ပင်များ စိုက်ပျိုး

ကမမောင်း ဇွန် ၂၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ မြိုင်ကြီးငူဆရာတော်ကြီး၏ ဇာတိမွေးရပ်မြေဖြစ်သော နို့ထကျေးရွာ၌ ယနေ့နံနက် ၈နာရီက သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေစေရေးနှင့် ရာသီဥတု ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ရည်ရွယ်၍ ကျေးရွာနေပြည်သူလူထုနှင့် သစ်တော ဦးစီးဌာနတို့ ပူးပေါင်း၍ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းဝင်း၊ ဘုရားနယ်မြေအဖြစ် သတ်မှတ်ထားသောနေရာများ၊ ဥယျာဉ်ခြံနှင့် တောင်ယာခြံများ၌ သစ်ပင်စုစုပေါင်း ( ၃၂၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

ကမမောင်းမြို့ရှိ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်းရာသီနှောင်းပိုင်းနှင့် နွေရာသီအချိန်များက ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ စိန်ပန်း၊ ဗန်ဒါ၊ မဲဇလီပင် စသည့်ပျိုးပင်စုစုပေါင်း (၁၁၀၀၀)ကို ပြုစုပျိုးထောင်စိုက်ပျိုးထားခဲ့ပြီး ယခုမိုးရာသီကာလသစ်ပင်စိုက်ရာသီ၌ ပြည်သူများ စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

ယခုနှစ်မိုရာသီအတွင်း၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်ခြံဝန်းအတွင်း စိုက်ပျိုးလိုသူများ၊ မိမိတို့၏ဥယျာဉ်ခြံမြေများ၊ တောင်ယာမြေများတွင် စိုက်ပျိုးလိုသည့်ပျိုးပင်များကို အခမဲ့လာရောက်ထုတ်ယူနိုင်ကြောင်း၊ အထူးသတိထားရမည်မှာ မိမိတို့၏လယ်မြေများ၌ သစ်စိုက်ခင်းအဖြစ် လုံးဝစိုက်ပျိုးခွင့်မရှိကြောင်း၊ မိမိပိုင် (သို့မဟုတ်) ကျေးရွာလူထုပိုင်မြေများတွင်သာ သစ်စိုက်ခင်းအဖြင့်စိုက်ပျိုးခွင့် ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် သစ်တောဥပဒေအရ မိမိတို့စိုက်ပျိုးထားသည့်သစ်ပင်များနှင့် သစ်စိုက်ခင်းများကို မိမိတို့ ပိုင်ဆိုင်ခွင့်ရှိကြောင်း၊ သစ်တောဧရိယာအတွင်း စိုက်ပျိုးမည်ဆိုပါက မစိုက်မီသစ်တောဌာန၏ ခွင့်ပြုချက်အရင်ရရှိဖို့လိုကြောင်း၊ သစ်တောနယ်မြေ ပြင်ပတွင် စိုက်မည်ဆိုလျှင် စိုက်ပျိုးပြီးမှ သစ်တောဌာနတွင် မှတ်ပုံတင်ထား သင့်ကြောင်း၊ သစ်စိုက်ခင်းမှတ်ပုံတင်မည်ဆိုလျှင် စိုက်ပျိုးမြေနှင့်ပတ်သက်ပြီး မိမိပိုင်ဆိုင်ကြောင်း အထောက်အထား မူရင်း / မိတ္တူ၊ နိုင်ငံသားမှတ်ပုံတင်မိတ္တူ၊ စိုက်ဧက၊ အပင်အမျိုးအစား အရေအတွက်၊ စိုက်ပျိုးသည့်ခုနှစ် စသည့်အချက်များ လိုအပ်ပြီး မှတ်ပုံတင်ခြင်းအတွက် ငွေကြေးကောက်ခံမှုမရှိကြောင်း၊ မှတ်ပုံတင်ထားပြီး သစ်ထုတ်ချိန်ကျလျှင် သစ်တောရုံးကို အကြောင်းကြားပြီး ကျွန်းသစ်လုံး ကုဗတန် တစ်တန်လျှင် အခွန်ငွေ(၁၅၀၀) ကျပ်၊ ပြည်ပသစ်မျိုး ဖြစ်သည့် မန်ဂျန်ရှား သစ်လုံး တစ်တန်လျှင်အခွန်ငွေ (၃၀၀) ကျပ်သာ ပေးဆောင်ရကြောင်း၊ အခွန်ငွေပေးဆောင်ပြီးပါက သယ်ယူရောင်းချခွင့် လွယ်ကူစေရန် သစ်တောဦးစီးဌာနက လိုအပ်သည့် ထောက်ခံချက်မျှောစာ ထုတ်ပေးသဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်အရပ်မဆို သယ်ယူရောင်းချခွင့် ရှိကြောင်း သစ်တောဦးစီးဌာနမှ တောအုပ်ဦးဝေယံဝင်းထွဋ်၏ ပြောကြားချက်အရ သိရသည်။

လင်းသန့် (ပြန်/ဆက်)