ရွှေမြင့်မိုရ်တရားရိပ်သာ Quarantine Centre ၌ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သည်သူများ စနစ်တကျ ထားနိုင်ရန် အခန်းကာရံခြင်းပြုလုပ်

 
မင်းလှ ဇွန် ၂၅
 
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုနှုန်းမြင့်တက်လာသည့် အတွက် အမှတ်(၅) ရပ်ကွက်၊ ရွှေမြင့်မိုရ်တရား ရိပ်သာ Quarantine Centre ၌ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများအား စနစ်တကျ ထားရှိနိုင်ရန် အခန်းကာရံခြင်းလုပ်ငန်းကို ယမန်နေ့က ပရဟိတ အသင်းဖွဲ့များ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အကူအညီ တောင်းခံမှုဖြင့် Quarantine Centre ၌ မင်းလှလူမှု ကယ်ဆယ်ရေးအသင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စိန်ကန့်လန့် လူမှုကယ်ဆယ် ရေးအသင်း၊ မေတ္တာဖြူစင်ပရဟိတအသင်းတို့ ပူးပေါင်းကာ ပိုးတွေ့လူနာ များနှင့် ထိတွေ့ခဲ့သူများအား စနစ်တကျ ထားရှိရေးအတွက် အဆောင်များ၊ အခန်းများသီးခြားခွဲ၍ စနစ်တကျထားရှိရန် အခန်းကာရံခြင်း၊ ပိုးသတ်ဆေး ပက်ဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
 
အဆိုပါ Quarantine Centre ကို အမှတ်(၂) နှင့် (၅)ရပ်ကွက်စီမံအုပ် ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌတို့ ဦးဆောင်မှုဖြင့် အလှည့်ကျ ဝန်ထမ်းများ ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပိုးတွေ့လူနာ များနှင့် ထိတွေ့ခဲ့သူ(၂၀၀)ဦး ခန့် ထားရှိမည်ဖြစ်ရာ ယနေ့ချိန်ထိ(၆)ဦး Quarantine ဝင်ရောက်နေ ကြောင်း သိရသည်။
 
ပေါက်စ