အုတ်ဖို ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ် ညွှန်ကြားမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ မှ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်များကို ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများအဖြစ် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးမျိုးမင်းထက်နှင့် တပ်ဖွဲ့ဝင် များသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အေးမြသာယာ သာသနရက္ခိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကွေ့ချောင်းရပ်ကွက် သုခဝတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် Mask စနစ်တကျ တပ်ဆင်အသုံးပြုပုံ အသိပညာပေး ပိုစတာများ ကပ်ထားကြေငြာခြင်း၊ Mask ဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ အလားတူ ယမန်နေ့ နံနက်ပိုင်းက အ.မ.က အေးမြသာယာ၊ အ.လ.က(ခွဲ) အေးမြသာယာ၊ အ.လ.က ပြည်တော်သာ၊ အေးမြသာယာ အမှတ်(၁)စျေး၊ အေးမြသာယာကားဂိတ်နှင့် ဂုံညင်းတန်းကားဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)