ကြို့ပင်ကောက် ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် အစည်းအဝေး တက်ရောက်လာသူများနှင့် ညှိနှိုင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ခြင်းလုပ်ငန်းများကို ဦးစားပေးအရှိန်မြှင့် ဆောင်ရွက်ရန်အတွက် မြို့နယ်အတွင်းမှ ပြည်သူများ အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်းမပါ ပါက နှာခေါင်းစည်း ငါးခု ငါးရာကျပ်ဖြင့် ဒဏ်ရိုက်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့အဝင်ဂိတ် ပြန်လည်ဖွင့်လှစ်၍ စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရပ်ကွက် ကျေးရွာများတွင်လည်း ကိုဗစ်ကော်မတီများ ဖွဲ့စည်းပြီး စည်းကမ်းများကို တင်ကြပ် သွားမည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်များတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချသွားရမည်ဖြစ်ကြောင်း၊ ဈေးရောင်းချနေသော ဈေးသည်များတွင် နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသော ဈေးရောင်ချသူများကို သုံးရက်ဈေးရောင်ချခွင့် ပိတ်သွားမည်ဖြစ် ကြောင်း ညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။
သာယာဝတီခရိုင်အတွင်း ကြို့ပင်ကောက်မြို့နှင့် အုတ်ဖိုနှစ်မြို့တည်းသာ ကိုဗစ်-၁၉ သံသယလူနာ တွေ့ရှိခြင်းမရှိသေးကြောင်း ယနေ့ အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ မြို့မိမြို့ဖများ တက်ရောက်ကြ၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း