မိုးညို၌ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးအသိ ပညာပေး

မိုးညို ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုထိန်းချုပ် နိုင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်‌ ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များ၌ အစားအသောက်များ ရောင်းချရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အဝင်တွင် Hand Gel၊ လက်ဆေးကန်များ ထားရှိမှု၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များတွင် ဆိုင်ထိုင် စား သောက်မည့် လူတစ်ဦးနှင့်တစ်ဦးကြားအကွာအဝေး၊ ကာရံထားရမည့် Partition အား သတ်မှတ်ချက် အတိုင်းထားရှိခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အစားအသောက်များ ရောင်းချ/ ပြင်ဆင်ဝန်ဆောင်မှုပေးသူ အားလုံး Face Shield နှင့် Mask တပ်ဆင်ထားရန်၊ ဆိုင်အတွင်း အနီးကပ်ဝိုင်းဖွဲ့ စားသောက်ခြင်း မပြု ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ တွေ့ရှိပါက သက်ဆိုင်ရာသို့ အ‌‌ကြောင်းကြားရန်၊ စည်းကမ်း ချက်နှင့် မကိုက်ညီသည့် လိုအပ်ချက်များအား အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး မှာကြား ဆောင်ရွက်ခဲ့သည်။

အဆိုပါ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးစိုးသီဟ၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မိုးလွင်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးဇော်မင်းထွန်းနှင့် သက်ဆိုင်ရာ ဝန်ထမ်းများ ပါဝင်‌သောအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)