ဒေးဒရဲ ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၁ခုနှစ် ဒေးဒရဲမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP)အရ ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲများကို ဇွန် ၂၃ ရက် နေ့ နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးလာစေရန်နှင့် ရပ်ကွက်ပေါင်းစုံ၊ ကျောင်းပေါင်းစုံမှ ထူးချွန် ထက်မြက်သော လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အသက် (၁၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အသက် (၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် မြန်မာ့သိုင်းပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားခန်းမတွင် နေ့စဉ်နံနက် (၇)နာရီမှ စတင်ကျင်းပလျက်ရှိပြီး ဇွန်လ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း