မကွေးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲကျင်းပ

မကွေး ဇွန် ၂၅

ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က မကွေးမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးမျိုးမောင်မောင်ကျော်က လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးများကို စူးစမ်းလိုစိတ်ဖြင့် စမ်းသပ်သုံးစွဲရာမှ  ဆေးစွဲသွားတတ်သဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း၊ ဆေးစွဲခြင်း ဝေဒနာခံစားရပါက ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများသို့ အချိန်မီပြသ၍ ဆေးကုသမှု ခံယူသင့်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိလာနိုင်သည့် ဆိုးကျိုးများ၊ မူးယစ် ဆေးဝါးသုံးစွဲခြင်း ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/သူများအား မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ ပါဝင်သည့် အသိပညာပေး နံရံကပ်ဘုတ်များကို ပြသခဲ့ပြီး မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ (၂၄) ရက်နေ့ နံနက်၁၀ နာရီအချိန်က မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုအောင်