ဒိုက်ဦး ဇွန် ၂၅
ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိ/ရပ်ဖများ၊ စျေးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ အရန်မီးသတ်များ တက်ရောက်ကြသည်။
အဆိုပါ အစည်းအဝေးတွင်ဥက္ကဋ္ဌက ယခုအခါမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၆ ဦး တွေ့ရှိပြီဖြစ်၍ ဆက်လက်ပြန့်ပွားမှုမရှိစေရန် ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်စေလိုကြောင်း၊ ယခုလို လုပ်ဆောင်မှုသည် ပါတီအတွက် မဟုတ်သလို နိုင်ငံရေးလုပ်ခြင်းမဟုတ်ဘဲ အမျိုးသား ရေး တစ်ရပ်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက မိမိတို့လိုအပ်ချက်များ၊ လုပ်ဆောင်မှုများ ဝိုင်းဝန်းအကြံပြု တင်ပြခြင်းများ၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ကာ အခမ်းအနားရုပ်သိမ်းခဲ့သည်။