ပဲခူး ဇွန် ၂၅
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ပဲခူးမြို့နယ် ဦးစီးမှူးရုံး၏ "ပန်းခင်း" စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ မဲဆန္ဒရှင် ဦးရေ(၃၈)သန်းကျော် အနက် (၁၀.၄၈) သန်း မဲမသာမှုဖြစ်ပေါ်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား အပါအဝင် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးမရှိဘဲ မဲပေးခဲ့သည့် မဲဆန္ဒရှင်အများအပြား စိစစ်တွေ့ရှိခဲ့ရကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွရွေးကောက်ပွဲ ကျင်းပ သည့်အချိန်တွင် မဲဆန္ဒရှင် ပြည်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားအပါအဝင် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းခင်းစီမံချက် ချမှတ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ များအားလုံး ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လဝက ဌာနနှင့် (၅)ဦး ကော်မတီမှာ ပါဝင်သည့် ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ မြို့နယ် လဝက၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများ နားလည်သဘောပေါက်ပြီး ပူးပေါင်းပါဝင် လာအောင် ချပြရှင်းလင်းခြင်းများ ဆောင်ရွက်ပေးကြရန်၊ အုပ်ချုပ်သူ၊ နိုင်ငံ့ဝန်ထမ်း၊ စေတနာရှင်များနှင့် ပြည်သူအားလုံး တက်ညီ၊ လက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် "ပန်းခင်း" စီမံချက်ကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၄)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မင်းက "ပန်းခင်း" စီမံချက်ဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၄)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မင်းတို့မှ ဘုရားကြီးမြို့ (၁/၂/၃)ရပ်ကွက်၊ သပြေရိုးကျေးရွာအုပ်စု၊ သံစို့ပင် ကျေးရွာအုပ်စု၊ ကွေ့တန်းရှည် ကျေးရွာအုပ်စု၊ မုန်တိုင်းကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာအုပ်စု၊ ထန်းတောကြီး ကျေးရွာအုပ်စုနှင့် ဝါးပြန်ကုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၉၆) ခုအား ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှစတင်ပြီး ပြည်သူ တိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားအပါအဝင် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၂၈၇၄)ခု ကျော် ပေးအပ်ခဲ့ပြီးဖြစ်ပြီး ပဲခူးမြို့နယ်အနေဖြင့် အိမ်ထောင်စု (၆၆၈)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၂၁၂)ခု ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
ဝဏ္ဏမောင်