မကွေး ဇွန် ၂၅
၂၀၂၁ ခုနှစ် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ် အောက်(၅)ခရိုင် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို မကွေးခရိုင် အားကစား ကွင်း၌ ယမန်နေ့ ညနေ ၄ နာရီက ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးခရိုင်အသင်းနှင့် မင်းဘူး ခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက် ကြည့်ရှုအားပေးကာ၊ ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော မကွေးခရိုင် အသင်းအား ဆုကလပ်နှင့် ငွေသားဆု ချီးမြှင့်ပေးအပ်ခဲ့သည်။
မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစား သမားများအချင်းချင်း သွေးစည်းညီ ညွတ်မှုစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့် ထူးချွန် ထက်မြက်သည့် မျိုးဆက်သစ် လူငယ်သွေးသစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာ စေရေးတို့ကို ရည်ရွယ်၍ သက်တန်းအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် (၅)ခရိုင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကို ယခုနှစ် ဇွန်လ ၁၅ ရက်နေ့က စတင်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခရိုင်မှ အမျိုးသမီး ဘောလုံးသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးခရိုင်အသင်းနှင့် မင်းဘူးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မကွေးခရိုင်အသင်းမှ ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ တံခွန်စိုက်ဆုဖလားရရှိကာ ဆုပေးပွဲအခမ်းအနား ဆက်လက် ကျင်းပခဲ့သည်။
အဆိုပါ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ် အောက်(၅)ခရိုင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲတွင် ပထမဆုကို ဆွဲပြား၊ ဆုကလပ်နှင့် ငွေသား (၅၀၀၀၀၀/-) ကျပ်ကိုလည်းကောင်း၊ဒုတိယဆုကို ဆွဲပြား၊ဆုကလပ်နှင့် ငွေသား ဆု(၄၀၀၀၀၀/-) ကျပ်ကို လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမား ဆုနှင့် အတန်းလိုက် အကောင်းဆုံး အားကစားသမားဆု ရရှိသူများကို တစ်ဦးလျှင် ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆု (၂၅၀၀၀/-)စီတို့အား တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူတို့က ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)