မြောင်းမြခရိုင် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြောင်းမြ    ဇွန်    ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၂)နာရီက ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင် COVID-19 ကော်မတီဥက္ကဋ္ဌ ဦးစန်းဌေးက COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား အချိန်မီထိန်းချုပ်ရေးအတွက် Facility Qurantine များ၊    Positive လူနာများ ထားရှိရန် နေရာနှင့် အရေးပေါ်လူနာများ ထားရှိနိုင်မည့် နေရာများကို ပြင်ဆင်ထားရှိရန် သူနာပြု သင်တန်းကျောင်းတွင် Positive လူနာများထားရှိနိုင်ရေးအတွက် အဆောင်လွတ်များအား ဝိုင်ဝန်းရှင်းလင်း ပြင်ဆင်ထားကြရန်၊ ရန်ပုံငွေရှာဖွေရေးကိစ္စများနှင့် ပတ်သက်၍ တက်ရောက် လာသူများက အကြံပြုဆွေးနွေးပေးရန် ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမောင်မောင်ငြိမ်းက COVID-19 ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ဒေသခံ ပြည်သူများ အထိတ်တလန့်မဖြစ်စေရေး သတိထားဆောင်ရွက်ရန်နှင့် မြို့ဝင်စစ်ဆေးရေးဂိတ် များကိုလည်း ကြပ်မတ်ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

၄င်းနောက် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူးတို့က လက်ရှိ COVID-19 လူနာအခြေအနေ၊ ပြည်သူ့ဆေးရုံတွင်ပြင်ဆင်ထားရှိမှု၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းအင်အားအခြေအနေကိုတင်ပြပြီး ခရိုင်ပညာရေးမှူးက အ.မ.က ဘုရားချောင်းနှင့် အ.ထ.က(၆)တို့တွင် ကိုဗစ်−၁၉ရောဂါကူးစက်မှုအခြေအနေများကို ဆွေးနွေး တင်ပြခဲ့ကြသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းဝေးသို့ခရိုင်၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ မြို့မိမြို့ဖများနှင့်လုပ်ငန်းရှင်များ တတ်ရောက်ခဲ့ကြသည်။ အစည်းအဝေးအပြီးတွင် ခရိုင် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့သည် COVID-19 လူနာများ ထားရှိမည့် စွမ်းအားပဋိယတ္တိ Facility Qurantine သို့သွားရောက်ကြည့်ရှုခဲ့ကြောင်းနှင့် မြောင်းမြမြို့ပေါ်တွင်ယနေ့ထိ COVID-19 Positive လူနာပေါင်း(၃၇)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

စန္ဒာကြည်(ပြန်/ဆက်)