ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဘားအံ ဇွန် ၂၄

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၁)ကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက လာမည့်အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လထိ Mini Budget အဖြစ်ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ လုပ်ဆောင်ချက်များပေါ်လွင်စေရန် သတင်းမီဒီယာစာမျက်နှာများ၌ ဖေါ်ပြပါရှိအောင်ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ကြီးဌာန အသစ်()ခုထပ်မံတိုးချဲ့ဖွဲ့စည်းသည့်အတွက် အချို့ဌာနများအား ကွပ်ကဲနိုင်ရန် ကောင်စီအဖွဲ့ဝင်များ ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ပညာရေးအနေဖြင့် ကျောင်းများအားလုံးပြန်လည် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ ဌာနအလိုက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)နှင့် အလုပ်ရုံဆွေးနွေးပွဲများအား အခါအားလျော်စွာ ကျင်းပပေးရန် တိုက်တွန်းလိုကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် နေပြည်တော်သို့ ခရီးသွားလာမည်ဆိုပါက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင်  ကိုဗစ်-၁၉ ဆိုင်ရာ ဆေးစစ်ထောက်ခံချက်ယူရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် (၁၀/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ထပ်ဆင့်ဆွေးနွေးခဲ့ကြ သည်။

ယင်းနောက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)