ဘားအံ ဇွန် ၂၄
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ဘားအံမြို့ အောင်သံလွင် အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် ပြိင်ပွဲဝင်အမျိုးသမီးဘောလုံးအသင်းများက ကွင်းအတွင်းနေရာယူကြပြီး ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ယနေ့ကျင်းပသည့်ပြိုင်ပွဲသည် လာမည့် ဇူလိုင်လ ၂၈ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့ အထိ နေပြည်တော်တွင်ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ကရင်ပြည်နယ်ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန်နှင့် အောင်မြင်မှုများရရှိရန် ရည်ရွယ်ကျင်းပပေးသည့် ပြိုင်ပွဲဖြစ်ကြောင်း၊ ယခုပြိုင်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်သွားကြရန် သတိပေးပြောကြားလိုကြောင်း၊ ယခုပြိုင်ပွဲမှ ရရှိသည့် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ စည်းလုံးညီညွတ်မှုများကို အခြေခံပြီး ကရင်ပြည်နယ်ဖွံဖြိုးတိုးတက်ရေး အတွက် အထောက်အကူ တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ မိမိတို့မြို့နယ်အသင်း အောင်မြင်မှုရရှိရန်အတွက် အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် သတ်မှတ်ထားသည့် ဘောလုံးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဥပဒေဘောင်အတွင်းမှ အနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ်ဘောလုံးအသင်းနှင့် မြဝတီမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဘားအံမြို့နယ်ဘောလုံးအသင်းက ၁၀ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ယခုပြိုင်ပွဲကို ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဘောလုံးအသင်း(၇)သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ပွဲစဉ်ပေါင်း ၁၂ ပွဲဖြင့် ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)