ဟိုင်းကြီးကျွန်း၌ကိုဗစ်-၁၉ ကြောင့်စီးပွားရေးအပေါ် ထိခိုက်မှုသက်သာစေရန် ကျွဲ၊ နွား မွေးမြူထုတ်လုပ်မှု သင်တန်း ဖွင့်လှစ်

ဟိုင်းကြီးကျွန်း   ဩဂုတ်   ၁၁

ဧရာဝတီတိုင်းဒေသကြီး ၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့  နံနက် ၁၀ နာရီအချိန်က COVID – 19 ၏    စီးပွားရေးအပေါ်  ထိခိုက်မှု သက်သာရေးစီမံချက်  (CERP) အရ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဦးဆောင်ကာ ကျွဲ ၊ မွေးမြူထုတ်လုပ်မှုသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းဖွင့်ပွဲ   အခမ်းအနားသို့  မြို့အုပ်ချူပ်ရေးမှူးနှင့်  ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြာကန် ကျေးရွာ၊ ကညင်ချောင်းကျေးရွာ၊ ကံချိုင်ကျေးရွာ အမှတ် (၃) ရပ်ကွက်တို့မှ ဒေသခံ သင်တန်းသား (၂၀) ဦးတက်ရောက်ခဲ့ကြပြီး “သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် သင်တန်းပို့ချချက်များကို  လိုက်နာမှတ်သားရမည့်အပြင်  ပူးပေါင်းပါဝင် ဆွေးနွေးခြင်း တို့ကိုလည်း  ဆောင်ရွက်ရန်လိုအပ်ကြောင်း မြို့အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဩဂုတ်လ (၁၀) ရက်နေ့မှ  (၁၂) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျွဲ၊ နွား မွေးမြူထုတ်လုပ်မှု နည်းစနစ်၊ ဖြစ်ပွားတတ်သည့် ရောဂါများ၊ ကြိုတင်ကာကွယ်ရေးလုပ် ငန်းများနှင့် ကုသနည်းများကို အသိပညာပေးဆွေးနွေးသွားမည် ဖြစ်ကြောင်း သင်တန်းနည်းပြ အဖြစ် ဆောင်ရွက်နေသော ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာလမင်းကိုကိုက ပြောသည်။

COVID – 19 ၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေး စီမံချက် (CERP) အရနောက်ထပ် ဖွင့်လှစ်မည့်သင်တန်းများကို  ဟိုင်းကြီးကျွန်းဒေသအတွင်းရှိ ကညင်ချောင်းကျေးရွာ၊ ငါးပြေမကျေးရွာ၊ ကျုံကူးကျေးရွာ တို့တွင်ယခုလအတွင်း  ဖွင့်လှစ်ဆောင်ရွက်သွားနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဟိုင်းကြီးကျွန်းမြို့ တာဝန်ခံ ဦးထက်မျိုးဝေက ပြောသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)