သရက်ချောင်း ဇွန် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ စျေး၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များတွင် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ စျေးရောင်းချနေခြင်းများရှိ/မရှိကို ယနေ့ နံနက် ၆ နာရီခွဲအချိန်မှစ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပိန်းတောစျေး၊ သရက်နှစ်ခွစျေး၊ သင်းကျွန်းစျေးနှင့် ညောင်ဇင်စျေးများကို သွားရောက်စစ်ဆေးခဲ့ပြီး စျေးအတွင်းသို့ဝင်ရောက်လာပါက နှာခေါင်းစည်း Mask များကို တပ်ဆင်ပြီးမှ ဝင်ရောက်ရန်တို့ကို မှာကြားခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များတွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏ ညွှန်ကြားချက်၊ စံသတ်မှတ်ချက်များနှင့်အညီ ရောင်းချနေခြင်းရှိ/မရှိကို စစ်ဆေး ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ မြို့နယ် မီးသတ်ဦးစီး ဌာန ဦးစီးအရာရှိ ဦးသက်နိုင်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စွမ်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။