လှိုင်းဘွဲ ဇွန် ၂၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အနာဂတ်လူသားများ စဉ်ဆက်မပြတ် စားသုံးမှုဖူလုံပိုလျှံစေရေး၊ ငါးများမပြုန်းတီးရေးနှင့်ငါးမျိုးဆက် သယံဇာတပြန့်ပွားလာစေရေး၊ စားသုံးသူ များအတွက် ဘေးအန္တရာယ်မဖြစ်စေရေးနှင့် အစာအာဟာရနှင့်ပတ်သက်ပြီး လုံလောက်မှုရှိစေရန် ရည်ရွယ်၍ နှစ်စဉ်သဘာဝ ရေပြင်များတွင် ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာ ရေဘုတ်ဆည် ရေလှောင်တမံအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ငါးသယံဇာတထိန်းသိမ်းရေး၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်ရေး၊ ငါးမျိုးများ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး၊ ဒေသတွင်းငါးစားသုံးမှု ဖူလုံစေရေးအတွက် ရည်ရွယ်ပြီး ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူကြွယ်၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစုံမိုင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ငါးမြစ်ချင်း သားပေါက် (၅၀၀၀၀)ကောင်၊ ငါးခုံးမ(၅၀၀၀၀)ကောင်တို့အား ရေဘုတ်ဆည်အတွင်းသို့ စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)