ရေတာရှည် ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ်တွင် ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များအား ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက် များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask ) ၊မျက်နှာကာ Face Shield တပ်ဆင်၍ စနစ်တကျရောင်းချမှုရှိ၊ မရှိနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ နှင့်လက်လီဆိုင်များ ဆိုင်ထိုင်ရောင်းချရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ ကိုက်ညီမှုရှိ၊ မရှိတို့ကို စစ်ဆေးကြည့်ရှုခဲ့ကြပြီး ပါးစပ်နှင့်နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင် အသုံးပြုကာ ဝယ်ယူရောင်းချရန် ၊ လက်ဆေးရန်နေရာများ ဆိုင်၏အဝင်ဝတွင် ထားရှိအသုံးပြုစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာဖြင့် ပြောဆိုနေထိုင်သွားလာကြရန် ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဝယ်ယူရောင်းချရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးဆု