ဝိုင်းမော် ဩဂုတ် ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ပညာရေးရုံးမှ ကြီးမှူး၍ မြို့နယ် ပညာရေး မိသားစုများမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်ပညာရေးရုံး၊ အောင်မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ အောင်ချမ်းသာကျောင်းတိုက်မှ ဆရာတော် ဓမ္မစရိယသီရိလင်္ကာ ဦးဝေပုလ္လ အမှူးပြုသော ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး မြို့နယ်ပညာရေးမှူး ဦးမွန်ကျော်မြင့်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းလှ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြ သည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်နာယူကြပြီး မြို့နယ်ပညာ ရေးမှူးနှင့် တာဝန်ရှိသူများက ဆရာတော်များထံ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ် ရွတ်ဆိုပြီး ဘုရားကန်တော့ကာ ရုပ်သိမ်းလိုက်ပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)