ငပုတော ဇွန် ၂၄
မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် မူးယစ်ဆေးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်မည့် အကျိုးဆက် အန္တရာယ် များအား ပြည်သူများ ရှောင်ကျဉ်စေနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)မှထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့ပေါ်၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းခြင်း၊မူးယစ်အန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မုံရွာဝင်းဖေ ရေးသားသော ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးအသိပညာ ပေးကာတွန်းနှင့်ဆောင်ပုဒ်များ ကဗျာများအားထည့်သွင်းဖော်ပြထားသည်။
အဆိုပါလက်ကမ်းစာစောင်များအားငပုတောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှဝန်ထမ်းများကမြို့အဝင်စစ်ဆေးဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်များနှင့်အခြေခံပညာကျောင်းများ၊ ရုံးဌာနများနှင့် ဈေးများသို့ သွားရောက်ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်