ပွင့်ဖြူ ဇွန် ၂၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေပြည်သူများသည် မဲဇလီရေ လွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေးလုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း ) သုံးရာသီ စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြပြီး ယခုနှစ်တွင်လည်း ဖူးစားပြောင်းများကို စီးပွားဖြစ် အားထား စိုက်ပျိုး လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး ဈေးကောင်းရရှိရန် မျှော်လင့် လျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ်ညောင်ပင်စောက်ကျေးရွာရှိ ဖူးစားပြောင်း စိုက်ပျိုးတောင်သူများ ထံမှ သိရသည်။
မြို့နယ် အတွင်းရှိ အညာကျေးလက်နေပြည်သူများသည် သီးနှံများစိုက်ပျိုးရာတွင် မိသားစုဝင်ငွေ တိုးပွားရေးအတွက် ဈေးကွက်ကောင်းသော သီးနှံများနှင့် နေ့စဉ်ဝင်ငွေတိုးပွားသည့် ဟင်းသီး ဟင်းရွက်သီးနှံမျိုးစုံကို ရွေးချယ်စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း သိရကာ စိုက်ပျိုးရေအဆင်ပြေမှု ကြောင့် သီးနှံစိုက် ခင်းများမှ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေဖူလုံတဲ့အတွက် ဒေသခံတောင်သူများဟာ စိုက်ပျိုးရေး လုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း ) သုံးရာသီ စိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ သီးနှံများစိုက်ပျိုးရာတွင် ဖူးစားပြောင်းဖြစ်တဲ့ သကြားပြောင်း ဖူးသီးနှံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပါတယ်။ တောင်သူ အများစု ကတော့ ဖူးစားပြောင်း ၊ ငရုတ် ၊ ကြက်သွန် ၊ ခရမ်းချဉ် ၊ ကုလားပဲ ၊ အခြား ဟင်းသီး ဟင်းရွက်သီးနှံစားပင်များကို စီးပွားဖြစ်စိုက်ပျိုးကြပါတယ်။ ယခုနှစ် မိုးရာသီမှာလည်း ဖူးစားပြောင်းကို တောင်သူများ အားထားစိုက်ပျိုးကြပြီး စိုက်ပျိုးတဲ့ ဖူးစားပြောင်းမျိုးကတော့ အရပ်ခေါ် ပန်ရွှေသကြား ပြောင်း မျိုးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကတော့ ဖူးစားပြောင်း တစ်ဖူးကို လက်လီဈေး ငွေကျပ် ၂၀၀ နှုန်း ရောင်းချရပြီး ဖောက်သည်ဈေးက တစ်ဖူးကို ငွေကျပ် ၁၅၀ နှုန်း ရောင်းချရပါတယ်။ ဒီနှစ်မှာလည်း ဖူးစားပြောင်းပေါ်ချိန် တောင်သူတွေ အနေနဲ့ ဈေးကောင်းရရှိရေးအတွက် မျှော်လင့်နေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးရဲမြင့် က ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေတောင်သူများသည် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက် ရေတို့ဖြင့် စပါး ၊ နှမ်း ၊ မြေပဲ ၊ ကုလားပဲ ၊ ပဲတီစိမ်း ၊ ပဲထောပတ် ၊ နေကြာနှင့် အခြား ဟင်းသီး ဟင်းရွက်စားပင်သီးနှံများကို (နွေ ၊ မိုး ၊ ဆောင်း ) သုံးရာသီ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးသည့် သီးနှံ များမှာ အောင်မြင်ဖြစ်ထွန်းမှုရှိသဖြင့် သီးနှံဝင်ငွေ တိုးပွားကာ လုပ်ငန်း အဆင်ပြေလျက်ရှိနေကြကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )